Friday, July 6, 2012

အဦးသီးသောအသီးပေးလှူခြင်း၊ - ဆရာတော်ဦးပါနီမောင်

၂၀၁၁ ခုနှစ်ဘန်ကောက်သို့ ကျွန်ုပ်ရောက်ခဲ့စဉ်က၊ ဆရာဦးပါနီမောင်၏၊ ကရာနီနှစ်ခြင်းအသင်းတော်တွင်၊ ပါဝင်ဝတ်ပြုခွင့် ရခဲ့ပါသည်။အခွင့်ကြုံသောကြောင့်၊ဖခင်များနေ့ ဓမ္မဒေသနာလဲဝေမျှခွင့်ရခဲ့ပါသည်။ ထိုစဉ် က၊ဆရာပါနီ၏၊ အဦးသီးသော အသီးပေးလှူခြင်းအကြောင်းသိခဲ့ရပြီး၊ သူ၏အသင်းတော်တွင်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ၊အောင်မြင်မှုများရှိကြောင်းသိခဲ့ရပါသည်။ အဦးသီးပေးလှူနေသူတို့ ၏ကောင်းကြီးမင်္ဂ လါ ခံစားရေကြောင်း သက်သေခံချက်များလဲကြားခဲ့ရပါသည်။ ထို့ အတွက်ကြောင့်၊ အခွင့်ကြုံ၍ဆန်ဖရန်စစ္စ ကိုရောက်ခဲ့လျှင်၊ထိုပေးလှူခြင်းအကြောင်းကိုကျွန်ုပ်တို့ အသင်းတော်တွင်လဲဝေမျှပေးရန်၊ဆရာပါနီကို မေတ္တာ ရပ်ခံခဲ့ပါသည်။ ဘုရားရှင်၏ကျေးဇူးတော်ကြောင့်၊ ၂၀၁၂ ခုနှစ်၊ဇွန်လတွင်ဆရာပါနီမောင်၊ ဆန်ဖရန်စစ္စကို သို့ ရောက်ရှိလါ၍၊ ”အဦးသီးသောအသီးပေးလှူခြင်း” အကြောင်းကိုဝေမျှဟောပြောခဲ့ပါသည်။ ဆရာ၏ဝေ မျှချက်များကိုထပ်ဆင့်ဝေမျှလိုက်ပါသည်။


Saturday, June 16, 2012

ဂုဏ်ပြုထိုက်သောဖခင်များအတွက်ကျေးဇူးတော်ချီးမွမ်းခြင်း

”ရှေးကာလကိုအောက်မေ့လော့၊ လွန်လေပြီးသောနှစ်ပေါင်းများကိုဆင်ခြင်လော့၊ သင့်အဘကိုမးမြန်းလျှင်၊ သူသည်ဖေါ်ပြလိမ့်မည်။ အသက်ကြီးသူတို့ ကိုမေးမြန်းလျှင်၊ သူတို့ သည်ပြောဆိုကြလိမ့်မည်။ -- ရွှေလင်းတသည်၊ အသိုက်ကိုမွေလျက်၊ သားငယ်တို့ အပေါ်မှာလှုပ်ရှားလျက်၊ အတာင်ကိုဖြန့် လျက်၊ သားငယ်တို့ ကိုဆောင်ယူ၍၊ မိမိအတောင်တို့ ဖြင့်၊ ဆောင်ယူသကဲ့သို့  ------ (တရားဟော၊ ၃၂း၇၊၁၁)


Saturday, April 7, 2012

အာရုဏ်ဦးရဲ့ အရသာ

အာရုဏ်ဦး၏ အရသာသည် ဘာနှင့်မျှမတူ။ တမူ ထူးခြား သော အရသာ ရှိလှသည်။ အထူးသဖြင့် ပင်လယ်ပြင် တွင် ခရီးလွင့်မြောရင်း နံနက်လင်း အာရုဏ် ကို မျှော်လင့်နေသူများ အတွက် ပို၍ အဓိပ္ပါယ်ရှိသည်ဟု ဆိုကြသည်။ ခရစ်တော်ဘုရား၏ ရှင်ပြန်ထမြောက်ရာနေ့ သို့ ချည်းကပ်လာလေတိုင်း၊ အာရုဏ်ဦး၏ ထူးခြားသော အရသာကို တမြေ့မြေ့ ခံစားရင်း ကြည်နူး နေမိသည်။ ပစ္စိဖိတ်သမုဒ္ဒရာပြင်ကျယ်ကြီးသည် ခါတိုင်း နဲ့မတူ တမူထူး၍ လှပနေ သည်။ ယခင်က လှိုင်းလုံးကြီးတွေ တလိမ့်လိမ့် လှုပ်ရှားနေသော ရေပြင်ကျယ်ကြီးသည် ကြည်လင်၍ ငြိမ်သက် လျှက် ရှိသည်။ အာရုဏ်ဦး၏ ရှေ့ပြေး ရောင်ခြည်နုတို့သည် ကောင်းကင်ပြင်ကို ပို၍ လှပ နေစေပါသည်။ မှန်သားပြင်လို ကြည်လင်နေသော ရေပြင်ပေါ်သို့ ထိုအလှများ ထင်ဟပ် လိုက်သော အခါတွင်မူကား ခိုင်းနိုင်း ဖွယ်ရာ မရှိလောက်အောင် တင့်တယ်လှသော အာရုဏ် ဦး၏ အလှကို ကြည်နူးခြင်း များစွာ ခံစားရမိသည်။ ဘုရားရှင်၏ ဖန်ဆင်းမူရာ လက်ရာများကို ကျေးဇူးတင်ရင်း ကျေးဇူးတော်ကို အားရပါးရ ချီးမွမ်းလိုက်ပါသည်။


“ဟော ဆရာလာပြီ၊ ဆရာလာပြီ” GoldenGateParkပန်းဥယျာဉ်ထဲ ချိုးဝင် လိုက်သည်နှင့် ကြိုရောက်နှင့်နေကြသော အသင်းတော်မှ မိတ်ဆွေ များက ဝမ်းပန်းတသာ ကြိုဆို နေကြ ပါသည်။ ဝေသီမြင့်မားသော သစ်ပင် များတို့၏ အလယ်မှာ မြကတ္တီပါကော်ဇော ခင်းထားသလို စိမ်းစိုသာယာ လှသော မြက် ခင်းပြင်ကျယ်၌ အသင်းသူ အသင်းသားများ တဖွဲဖွဲ စုရုံး လာနေကြသည်။


ကလေးသူငယ်တချို့လဲ ပျော်ရွှင်စွာ ပြေးလွှားဆော့ကစား နေကြသည်။ “ဆရာ ကျွန်မတို့က ဟိုအဖွဲ့ကို ကျွန်မတို့အသင်းတော်က ထင်လို့ သွားရောပြီး သီချင်း လိုက်ဆိုနေတာ ဆိုရင်းနဲ့ ကိုယ့်အဖွဲ့ မဟုတ်မှန်းသိလို့ အသာလေး ပြန်လှဲ့လာခဲ့တာ။” ဝေလီဝေလင်းအချိန်မို့ တချို့တွေ စောစောရောက်၍ အဖွဲ့မှားကြောင်းပြောပြီး ပွဲကျနေ ကြသည်။ဆန်ဖရန်စစ္စကို မြန်မာနှစ်ခြင်း အသင်းတော်၏ နှစ်စဉ် ကျင်းပ လျက်ရှိသော “အီစတာ အာရုဏ်ဦး ဝတ်ပြုခြင်း အစီအစဉ်”သည် အလွန်ပင် နှစ်ခြိုက်ဘွယ်ရာ အစဉ်အလာလေးတခု ဖြစ်လာခဲ့သည်။ လွန်ခဲ့တဲ့အချိန်က လူဆယ်ယောက်ခန့်နဲ့ အစပြုခဲ့သော်လည်း ယခု အခါ နှစ်စဉ်လူတရာကျော် ပါဝင်လာ ကြပြီဖြစ်သည်။ အာရုဏ်ဦး၏ အရသာ၊ ရှင်ပြန် ထမြောက်ခြင်း၏ အနှစ်သာရကို စစ်မှန်စွာ ခံစားလာကြသော အခါ၊ မည်မျှပင် အေးချမ်း လင့်ကစား၊ အရောက် ကြိုးစား၍ လာကြသည်။ မည်မျှပင် ဝေးလင့်ကစား အချိန်မှီ စုရုံး လာကြသည်။
သက်ကြွယ်မိခင်များတို့သည် နွေးထွေးသော သားမွှေး အနွေးထည်ရှည်များ၊ မွေးပွ ခေါင်းစွပ်များ၊ လက်အိပ် များနှင့် နွေးနွေးထွေးထွေး မြင်ရသောအခါ ခရစ်တော် ရှင်ပြန် ထမြောက်ရာ နံနက် စောစောအချိန်၌ သခင် ဘုရား၏ သင်္ချိုင်းတော်ကို သွားခဲ့ကြသော သခင်ဘုရားကို အလွန်ချစ်ကြသည့် ယုံကြည်ခြင်း ကြီးမားသော အမျိုး သမီးများတို့ကို ပြေး၍ သတိရမိသည်။ ထိုအချိန်က သူတို့သည် ကြောက်ရွံ့ခြင်းနှင့် သွားခဲ့ကြသော်လည်း သခင်ဘုရား ရှင်ပြန်ထမြောက် တော်မူခဲ့သောကြောင့် ဝမ်းမြောက်ခြင်းနှင့် ပြန်သွားခဲ့ကြရသည်။သူတို့သည်ငိုကြွေးခြင်းနှင့်သွားခဲ့ကြသော်လည်း၊ရယ်မောခြင်းနှင့် ပြန်ခဲ့ကြရသည်။ သူတို့သည် မျှော်လင့် ခြင်း မဲ့စွာနှင့် သွားခဲ့ကြသော်လည်း၊ အသက်ရှင်သော သတင်းကောင်း မျှော်လင့်ခြင်းနှင့် ခွန်အားသစ်များ ရရှိပြီး ပြန်ခဲ့ကြရသည်။ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်တော်မူခြင်း ကြောင့် သူတို့အတွက် အရာရာသည် အသစ်တဖန် ပြောင်းလဲသွားလေပြီ ဖြစ်သည်။ ထိုနေ့က အာရုဏ်ဦးသည် သူတို့အတွက်သာမက၊ လူသားတရပ်လုံးအတွက် အလှပဆုံး၊ အသာယာဆုံး နှင့် အနှစ်သာရအရှိဆုံး ဖြစ်ခဲ့သည်။

“ဟေး ပန်းဥယျာဉ်မှာ ပန်းမခူးရလို့ ဆိုင်းဘုတ်ရေးထားတယ်နော် သတိထားကြ”အာရုဏ်ဦးနှင့်အပြိုင် အီစတာ အမှီ ဖူးပွင့်ဝေဆာနေကြသော ချယ်ရီပင်အောက်မှာ အသင်း တော်၏ လှပျိုလေးများ ဓါတ်ပုံရိုက်ကြ၊ ဗွီဒီယိုရိုက် ကြနှင့် မမောနိုင်မပန်းနိုင် မြူးကြွ နေကြသည်။ ဓါတ်ပုံဆရာနှင့်၊ ဗွီဒီယိုဆရာခမျာ ခြေခလုပ်တိုက်လောက်အောင် အလုပ်များ နေရသည်။ အသက်တာ၏ အာရုဏ်ဦးနှင့် တူသည့် ပျိုရွယ်သူ၊ လူငယ် မောင်မယ်များ အတွက်လည်း အထူးပင် အဓိပ္ပါယ်ရှိလှသော အာရုဏ်ဦးပင် ဖြစ်ပါသည်။

အာရုဏ်ဦး ဝတ်ပြု ကိုးကွယ်ခြင်းသည် အလွန်တရာမှ အေးချမ်း ကြည်နူးဘွယ် ကောင်းလှပါသည်။ ဘုရားရှင် ဖန်ဆင်းတော်မူသောသဘာဝ လောက၏အလယ်မှာ၊ရှင်ပြန်ထမြောက်တော်မူသောဘုရားရှင်၏သားတော် ယေရှု့ကို ဗဟိုပြုပြီး၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ သမ္မာကျမ်းစာ ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ သက်သေခံ ဝေမျှခြင်းများ တို့သည် တမူထူး၍ ခွန်အား ယူဘွယ်ရာ ဖြစ်ရပါသည်။ ဝမ်းမြောက်၍ ပြုံးရွှင်သော အပြုံးများတို့သည် မေ့ပျောက် ၍ မရနိုင်အောင် စွဲထင် ကျန်ခဲ့ကြပြီ ဖြစ်သည်။“ကဲကဲ-ဘုရားရှိခိုးပြီးပြီ-ဗိုက်ဖြည့်ရအောင် ဒီဘက်ကို လာကြ- လာကြ” စားသောက်ရေး တာဝန်ခံမှ ဆော်ဩလိုက်သော အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ အငွေ့ တထောင်းထောင်းနှင့် ကြိုဆိုနေသော အစားအသောက်များ အိုးကြီး အိုးငယ် အသွယ်သွယ် တန်းစီနေသည်ကို စားချင်စဖွယ် တွေ့ရသည်။ မြန်မာပြည်ကို သတိရစေသည့် ကောက်ညှင်းပေါင်း၊ ငချိပ်ပေါင်း၊ ပဲပြုတ်ပူပူလေး၊ ငါးခြောက်ကြော်၊ ဗလခြောင်ကြော်၊ ဆီထမင်း၊ အသားကြော်၊ လဘက်ရည်၊ ကော်ဖီများအပြင် အမေရိကန် နံနက်စာ မုန့်မျိုးစုံ၊ စုံလွန်း လှပါသည်။ မိသားစုများမှ စေတနာအပြည့်နှင့် ပြင်ဆင်ချက်ပြုတ် ယူဆောင်လာ ကြသော အစဉ်အလာလေးသည်လည်း နှစ်စဉ် အာရုဏ်ဦးဝတ်ပြုခြင်း အစီအစဉ်အတွက် အားကောင်းသော ဆွဲဆောင်မှု့တခုပင် ဖြစ်ပါသည်။

“ဆရာ - ဆရာ ခုနက ပြောတဲ့၊ “လူ့ဘဝရဲ့အာရုဏ်ဦး” ဆိုတာကို သဘော ကျမိတယ်၊ နဲနဲလောက် ပိုရှင်းပြပါ လား ဆရာ”
“ဩ-အေးအေး-ရပါတယ်၊ စားရင်းသောက်ရင်း ပြောပြတာပေါ့”
အာရုဏ်ဦး၏ အနှစ်သာရကို ပိုမိုသိလို၍ မေးလာသောလူငယ်များအား၊ အသက်ရှင်တော် မူသော သခင်ယေရှု့ ကို နှလုံးသားမှာ ယုံကြည်လက်ခံလျှင်၊
*အမှောင်ကမ္ဘာထဲမှ လွတ်မြောက်၍ အလင်းတရားတည်းဟူသော အာရုဏ်ဦးသို့ ရောက်ခြင်း၊
*အပြစ်၏ ချည်နှောင်ခြင်းမှ လွတ်မြောက်၍ ကယ်တင်ခြင်း ဆုကျေးဇူးတည်းဟူသော အာရုဏ်ဦး ရရှိခြင်း၊
*မျှော်လင့်ခြင်း ကုန်ဆုံးသော ဘဝမှ ခွန်အားသစ် ပြည့်ဝသော အနာဂါတ်တည်းဟူသော အာရုဏ်ဦး ရရှိခြင်း၊
*ဆုံးရှုံးခြင်းတည်းဟူသော ညဥ့်နက်ထဲမှ အောင်မြင်ခြင်းတည်းဟူသော အာရုဏ်ဦး ရရှိခြင်း၊
*ငရဲ၌ ထာဝရ လောင်ကျွမ်းခံရမည့် အခြေအနေမှ ကောင်းကင်ချမ်းသာ တည်းဟူသော အာရုဏ်ဦး ရရှိခြင်း၊
စသည်တို့ကို ပြောပြလိုက်ရာ လူငယ်များက၊
“ကျေးဇူးတင်ပါတယ်ဆရာ ကျွန်တော်တို့အတွက် ဒီအာရုဏ်ဦး ဝတ်ပြုခြင်းမှာ ပါဝင်ရလို့ အများကြီးဘဲ ခွန်အားရပါတယ်၊ ခွန်အားသစ်နဲ့ဘဝကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေလဲ အလိုလို ရှိလာပါတယ်။”
“အဲဒါ ဘာကြောင့်လဲ သိသလား”
“ဆရာ ပြောပြတဲ့-ခရစ်တော်ရှင် ပြန်ထမြောက်ခြင်းရဲ့ တန်ခိုးကြောင့် ဟုတ်တယ် မဟုတ်လား ဆရာ”
“အဲတာ သိပ်မှန်တာပေါ့- ခရစ်တော် ကိုယ်တိုင် ပြောခဲ့တယ်လေ၊ နားထောင်- ဆရာ ဖတ်ပြမယ်၊” (ယောဟန်၁၄း၁၉) “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင် ကြလိမ့်မည်။”တဲ့၊ ဘယ်လောက် ကောင်းသလဲ၊ တမန်တော် ရှင်ပေါလု ရေး ထားတာ ကြည့်အုံး၊ (၁ကော ၁၅း၅၇) “ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်း အခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေး ဇူးတော် သည် ကြီးလှစွတကား။”
လောက အာရုဏ်ဦးအလှကို နေ့စဉ် ခံစားရင်း ဘဝရဲ့ အာရုဏ်ဦးကို ရှင်ပြန် ထမြောက် တော်မူသော သခင် ယေရှုဘုရား ထံတော်မှ ခံစားရကြပါစေသော်။

မေတ္တာများစွာဖြင့်
ဆရာတော် ဦးလတ်ယေရှဲ (ဆန်ဖရန်စစ္စကို မြန်မာ နှစ်ခြင်းအသင်းတော်)

Tuesday, February 8, 2011

ပန်းချီကားချပ်ထဲသို့ ခရီးသွားခြင်း

ပန်းချီကားချပ်ထဲတွင်းသို့ မောင်းနှင်ဝင်ရောက်နေဘိအလာခံစားမိသည်။ ညီညာ ဖြောင့်ဖြူး လှသည့် ပေတရာ လမ်းမကြီးပေါ်၌ တဝီဝီမောင်းနှင်နေသော နောက်ဆုံးပေါ် ကားမျာသည် သူ့ထက်ငါအပြိုင်ပြေးလွှား နေကြည်။ ဝေသီမြင့်မားလှသောမြို့အလှဂုဏ်ဆောင်သည့်အဆောက်အဦးများကိုအဝေးမှရေးရေးစမြင်နေရ ပြီ။ ရငထဲ၌ အမည် ဖော်ပြ၍ မရနိုင်သော ကြည်နူးမှု့များ လေပြေလညှင်းနှင့်အတူ ဝင်ရောက်လာသည်။

ဆန်ဖရန်စစ္စကိုမြို့၏ အလှကျက်သရေဆောင်ဖြစ်သော ကမ္ဘာကျော် ရွှေတံခါးတံတားကြီး (Golden Gate Bridge)သည် ဖွေးနုလှပပြီး ဂွမ်းဆိုင်ခဲနှင့်တူလှသည့် နှင်းမူန်များအကြား ကြွားကြွားဝင့်ဝင့်ထင်ပေါ် လှပလျှက် ရှိနေသည်ကို မြင်ရပြန်သောအခါ ဘုရားရှင်၏ကျေးဇူးတော်ကို ထပ်မံ ချီးမွမ်း မိသည်။ ငယ်စဉ်ချိန်ခါတုန်းက ရုပ်ရှင်ထဲမှာ၊ စာအုပ်ထဲမှာ၊ သီချင်းထဲမှာသာ မြင်ဘူးကြားဘူးတဲ့ဆန်ဖရန်စစ္စကိုမြို့တော် ကိုရောက်လာသည်မှာ ဘာလိုလိုနှင့်တစ်ဆယ့်ငါးနှစ်ပင် ပြည့်ခဲ့ပြီ။ အရှည်ဆုံးတံတားဖြစ်တဲ့ Bay Bridge ပေါ်ကိုရောက်တယ် ဆိုရင် ဘဲ ကျယ်ပြောလှတဲ့ပစ္စိဖိတ်သမုဒ္ဒရာပြင်ကျယ်ကြီးကိုမြင်နေရပြီဖြစ်သည်။ကျွမ်းကျင်လွန်းလှသည့်ပန်းချီဆရာ ချယ်မူန်းထားသောဆန်ဖရန်စစ္စကိုမြို့တော်ပန်းချီကားချပ်ထဲသို့မောင်းနှင်ဝင်ရောက်နေဘိအလားခံစားမိပြန် သည်။ ဪ တင့်တယ်လှပ ပေသကိုး။

“ဆရာတို့ ဘုရားကျောင်းကို ရောက်တော့မလား” မေးသံကြားလိုက်တော့မှ ခေါ်လာ ခဲ့သော ဧည့်သည် ဆရာကို သတိရမိတော့သည်။ ပန်းချီကားတစ်ချပ်လို ဆွဲဆောင်နိုင်စွမ်း တဲ့ ဆန်ဖရန်စစ္စကိုရဲ့ အလှကို နှစ်နှစ်ခြိုက်ခြိုက် ခံစားနေမိတာလဲ ဒီတစ်ကြိမ်ထဲ မဟုတ်ပါ။ ဒီကို ရောက်ကထဲကပင် ဖြစ်သည်။ အကြိမ်ကြိမ် မြင်တိုင်း အကြိမ်ကြိမ် ကြည်နူးမှု့ ပေးစွမ်း နိုင်အောင်တင့်တယ်လှပသည်မှာအမှန်ပင်ဖြစ်သည်။ခင်မင်ရသော မိတ်ဆွေများ၊ မိသားစုများ မရောက်ဘူးကြသေးသူများ၊ မြင်ရမှယုံကြသူများအတွက်တစ်ခါတစ်ခေါက်ဘဲဖြစ်ဖြစ် လာရောက်စေချင်မိသည်။ ခုဘဲကြည့်တော့၊ အလှပန်းချီကားထဲ နစ်မြောမိလို့ တကူးတက ခေါ်လာတဲ့ဧည့် သည် ကိုတောင် မေ့နေခဲ့သည်၊

“ဪ ဟုတ်ကဲ့၊ တံတားကြီးကျော်ပြီး ဆယ့်ငါးမိနစ်လောက်ဆိုရင် ရောက်ပါပြီ။” “ဆရာတို့ အသင်းတော်က ဆန်ဖရန်စစ္စကိုမြန်မာ နှစ်ခြင်းအသင်းတော် ဟုတ်တယ် နော်” ကြားလိုက်ရသည်မှာ သာမန်မေးခွန်း လေးဖြစ်ပေသော်လည်း၊ နားထဲကိုချိုမြသည့်ပျားရည် လောင်းထည့်လိုက်သလို “နင့်”ကနဲ ခံစားလိုက်ရပြန်သည်။ အခုဘဲ လှပခမ်းနား တဲ့ ဆန်ဖရန်စစ္စကို အလှကို ခံစားနေခဲ့တယ် မဟုတ်ပါလား။ ကမ္ဘာပေါ်မှာအလှဆုံးစာရင်းဝင်မြို့တစ်မြို့ဖြစ်တဲ့ဆန်ဖရန်စစ္စကိုမြို့ထဲမှာမြန်မာလိုစကားပြောတဲ့ အသင်းတော် လေးတစ်ပါးကို ဖန်တည်းပေးခဲ့သည်မှာ သုံးဆယ့်ငါးနှစ်ကျော် ရှိခဲ့ပြီ။ လှပတဲ့အသင်းတော်လေး တစ်ပါးကို လှပတဲ့ မြို့လေးထဲမှာ ထားရှိပြီး၊ အဲဒီ အသင်းတော်လေးထဲမှာပါဝင်ခွင့်ရတာ၊အမှု့တော်မှာပါဝင်ခွင့် ရတာ ဘုရားရှင်ရဲ့ ကျေးဇူးတော်ပင် ဖြစ်သည်။ ဒါဝိဒ်မင်းကြီး ရေးစပ်သလိုလဲ ခံစားမိသည်။ “ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းသော နူတ်ခမ်းနှင့်၊ အကျွန်ုပ်၏ နူတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။” (ဆာလံကျမ်း၊ ၆၃း၅)။ “ဆရာ” “ဟေ” “ဆရာ့ကို ကြည့်ရတာ တော်တော်ပီတိဖြစ်နေသလိုဘဲ၊ ဆရာတို့ ဆန်ဖရန်စစ္စကိုက အရမ်းလှတာဘဲနော်” “မှန်လိုက်လေ ဆရာရေ၊ နောက်မှ ဒီထက်လှပတဲ့ နေရာတွေ လိုက်ပြမယ်လေ။ ဘုရား ကျောင်း ရောက်ရင် ဒီထက်ပိုပြီး ပီတိဖြစ်စရာကောင်းတဲ့ အလှအပလေးတွေလဲ ဆရာ မြင်ရအုံးမယ်။” “တယ်ဆိုတဲ့ စာပါလား ဆရာလတ်”

“တယ်ဆိုဆို၊ တစ်ကယ့်ကို မှန်လို့ပေါ့ဗျာ၊ ဟိုရောက်ရင် တကျော်ကျော် သီချင်းဆို၊ ကခုန်မြူးတူးနေကြမဲ့ ချစ်စဖွယ်ရင်သွေးငယ်လေးတွေ၊အနာဂါတ်ခေါင်းဆောင်ကောင်းတွေဖြစ်မယ့်လူငယ်မောင်မယ်လှပျိုဖြူလေး တွေ၊ တိုင်းတပါး ရောက်နေပေမယ့် မြန်မာရိုးရာ ယဉ်ကျေးမူ့ အစဉ်အလာကို ထိမ်းသိမ်းနေကြပြီး ပြူငှါ ဖော်ရွေတဲ့ အသင်းသား အသင်းသူ တွေ အပြင်၊ မြန်မာပြည် အလွမ်းပြေစေမယ့် ရိုးရာအစားအသောက်တွေ ဖွယ်ဖွယ်ရာရာ စားသောက် ရအုံးမယ်လေ။ ကျွန်တော်ပြောရင် ပိုတယ်ထင်မှာစိုးလို့ ဆက်မပြောတော့ ပါဘူး၊ ဟိုရောက်ရင် ဆရာကိုယ်တိုင် ခံစားရပါလိမ့်မယ်။”

"Daddy! There's a parking spot!" ကြည့်- သမီးလေးရဲ့ အသံကြားလိုက်မှဘဲ မိုင်လေးဆယ်လောက် ဆန်ဖရန်စစ္စကို ပန်းချီကားချပ်ထဲ မောင်းနှင်ရင်း ဘုရားဖန်ဆင်းခြင်း အလှတရားကို ခံစားလာလိုက်တာ၊ ကားနောက်ခုံမှာ ချစ်ဇနီးနဲ့ သားသမီး လေးဦး ပါလာတာကို ဘုရားကျောင်းရောက်မှဘဲ သတိရမိတော့သည်။ ဘယ်လောက် ပီတိဖြစ်စရာ ကောင်း တဲ့ အသင်းတော်လဲဆိုတာ၊ ဒါကိုဘဲ ကြည့်တော့။ "Thanks, honey!" သမီးလေးညွှန်ပြတဲ့ နေရာမှာ ကားရပ်ခဲ့ပြီး ဧည့်သည်ဆရာကို ခေါ်ကာ ကျေးဇူး တော် ချီးမွမ်းခြင်း အနှစ်သာရ အသစ်နဲ့ ဘုရားကျောင်းထဲ ဝင်ရောက်ခဲ့ပါတော့သည်။ ဪ ပန်းချီကားချပ်ထဲသို့ ခရီးနှင်ရတဲ့ ပီတိဟာ ဘာနဲ့မှ နှိုင်းလို့မရနိုင်တဲ့ အဓိပ္ပါယ်ရှိလှတဲ့ ခရီးသစ် ပါတကား။

လူ့ဘဝသည် လောကခရီးကို သွားနေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးသည် မလှုပ်မရှား ရပ်တည်နေဘိအလား တည်ငြိမ်နေသော်လည်း၊ တစ်နာရီ လျှင် မိုင်ခြောက်သိန်းနှုန်းနှင့် ရွေ့လျား ပြေးလွှားသွားနေသည်ဟု ပညာရှင်များက လေ့လာ တွေ့ရှိထားသည်။ အသင်းတော်များသည် ခရစ်တော် ၏ သတင်းတော်မြတ်ကို သယ်ဆောင် ကာ သာသနာ့ခရီးကို ချီတက်နေကြသည်။ ကျွန်တော်တို့ ဘယ်လိုခရီးကို သွားနေကြ ပါသလဲ။ ပျော်ရွှင်ချမ်းမြေ့ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ကျေးဇူးတော် ရေတွက်ချီးမွမ်း တဲ့ခရီး စဉ် လား၊ သို့တည်းမဟုတ် ပျင်းရိငြီးငွေ့စရာကောင်းပြီး၊ ပင်ပန်းဆင်းရဲလှတဲ့ သောက ပင်လယ်၊ ပူလောင် ပြင်းပြလှတဲ့ နွေကန္တာရထဲ၊ ငြီးတွား လူးလိမ့်နေရတဲ့ ခရီးစဉ်လား။ ခရီးရဲ့ အကောင်းအဆိုးဟာ လမ်းခရီး ရဲ့ ကြမ်းတမ်းမှု့၊ ချောမောမှု့ထက် ခရီးသွားသူရဲ့ခံယူချက်၊ ယုံကြည်ချက်၊ ဝိညာဉ်ရေးရာ ရင့်ကျက်မှု့အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အရာရာ ဟာ ကမ္ဘာလောကရဲ့ ဖန်ဆင်းရှင်၊ လောကရဲ့ပန်းချီဆရာဘုရားသခင် က အလှပဆုံး ဖန်ဆင်း ရေးဆွဲထားတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ယုံကြည်လက်ခံထားရင်၊ လှပတဲ့ ဘဝပန်းချီကား ထဲပီတိအဟုန်နဲ့ကျေးဇူးတော်ချီးမွမ်းတဲ့ခရီးကို သွားနေရသလိုခံစားရမဲ့အပြင်၊စိတ်နှလုံးငြိမ်သက်အေးချမ်းခြင်း၊ ကြည်လင်ပြီပြင်တဲ့ အနာဂါတ်ကို ပိုင်ဆိုင်ရခြင်း၊ ဘဝ ခရီးအတွက် နေ့စဉ် ခွန်အားသစ်များရရှိခြင်းနဲ့ အသက် ရှင်တဲ့ ဘုရားရှင်နဲ့အတူ ဘဝခရီး သွားနေရခြင်း ဆိုတဲ့ အနှစ်သာရတွေ ပြည့်ဝ စုံလင်မှာ ဖြစ်ပါတယ်။

“သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သုတ္တံကျမ်း၊၃း၆)။ ဘုရားသခင် ပဲ့ပြင်တော်မူတဲ့ ခရီးစဉ် မှန်ရင် လှပတဲ့ လောက ပန်းချီ ကားချပ်ထဲ ခရီးနှင်ရသလို ကြည်နူးချမ်းမြေ့ ဘွယ်ရာများနှင့် ပြည့်ဝမည်မှာ အမှန်ဧကန် ဖြစ်သည်။ “ဆရာ” “ဟေ”

“ဆရာ တရားရေအေး တိုက်ကျွေးဖို့ အစီအစဉ် ရောက်နေပြီလေ”

ကျေးဇူးတော် ချီးမွမ်း၍ မကုန်နိုင်တဲ့ ပန်းချီကားချပ် ခရီးစဉ် ပန်းတိုင် အထွဋ်အမြတ် အကြာင်းကို ပလ္လင် ရှေ့မှာ ရပ်ရင်း အားပါးတရ ဟောပြောဝေငှ လိုက်သည်။ ဒီတစ်ခါ တရားဟောရတာလောက် အားရတာ မရှိ တော့ပါ။ “ခရစ်တော်ကို အရှင်သခင်လို့ ယုံကြည် လက်ခံသူများ၊ နောက်ဆုံး လျှောက်ကြရမဲ့ ခရီးစဉ်ဟာ အလှပဆုံး ပန်းချီကားချပ်ထဲကို အောင်မြင်ခြင်း၊ ဘုန်းတော် ထင်ရှားခြင်း၊ အောင်မြင်သောကြွေးကြော်သံများနဲ့ ခရီးဆုံးကို လျှောက်ကြရမှာ ဖြစ်တယ်။ (ဗျာဒိတ်ကျမ်း၂၁)မှာ-“ကောင်းကင် သစ်နှင့် မြေကြီးသစ် ကိုလည်း ငါမြင်၏။ သန့်ရှင်းသော မြို့တည်းဟူသော ယေရူရှလင်မြို့သစ်သည် တန်ဆာ ဆင်သော မင်္ဂလာဆောင် သတို့ သမီးလို ဖြစ်၏။ခပ်သိမ်းသောအရာတို့သည်အသစ်သောဖန်ဆင်းခြင်းများဖြစ်ကြ၏။ထိုမြို့၏အရောင်အဝါသည် ကျောက်သလင်း နဂါးသွဲ့ကဲ့သို့ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။ မြို့သည်လည်း ကြည်လင်သော ဖန်နှင့် တူသော ရွှေစင်ဖြစ်၏။ တံခါးတို့သည် ပုလဲများဖြင့် စီချယ်ထား၏။ မြို့လမ်းမတို့သည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏၊ ထိုမြို့၌ ဗိမာန်တော်မရှိ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့်သိုးသူငယ်သည်ထိုမြို့၏ဗိမာန်တော်ဖြစ်တော်မူ၏။ ညစ်ညူးသောအရာ ၊စက်ဆုတ် ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှ မဝင်ရဘဲ သိုးသူငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာ လျှင် ဝင်ရ၏။ ”

ဤမျှ ကြည်နူးချမ်းမြေ့ဘွယ်ကောင်းသော ကောင်းကင် ရွှေပြည်တော် ပန်းချီ ကားချပ်သည် စိတ်ကူး ယဉ် ပန်းချီကားချပ် မဟုတ်ပါ။ ကျွန်ုပ်တို့ အမှန် ဝင်စား ရမည့် ကောင်းကင် ရွှေပြည်တော် ဖြစ်သည်။ ဤ့မြတ် လှသော မျှော်လင့်ချက် ပန်းတိုင်သည် လောကခရီး လျှောက်လှမ်းရာမှာအသစ်သောခွန်အား၊အသင်းတော်၏ သာသနာ့ ခရီး အတွက် အသောမသတ်နိုင်အောင် ဖြည့်စွမ်း ပေးနေသော တန်ခိုးအာနိသင်ပင် ဖြစ်ပါသည်။ အနာဂါတ် ခရီးကို ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် လျှောက်လှမ်း နိုင်ကြပါစေသော်။

မေတ္တာများစွာဖြင့်၊

ဆရာဦးလတ်ယေရှဲ

Tuesday, January 18, 2011

အထက်အရပ်မှရှုမြင်ခြင်း


စိတ်နှလုံးကို လုံးဝဥဿုံ ဆုံးဖြတ်ချက်ချလျက် မျက်လုံးကိုစုံမှိတ်ကာ အသူရာ ချောက်ကမ်းပါးထဲသို့ ခြေစုံပစ်၍ ခုန်ချပစ်လိုက်သည်။ အား------နေရာကား ဆန်ဖရန်စစ္စကိုမြို့၊ ပစ္စိဖိတ်ကမ်းခြေတနေရာ သာယာလှသည့် ကျောက်ဆောင် ကျောက်ခက်များနှင့် ပင်လယ်ပြင်ပေါ်မှ ကျော်ဖြတ်လာသော လေပြေလေညှင်း တဖြူးဖြူးတို့ မြူးရာ ချောက်ကမ်းပါး ထိပ်ပေါ်မှာ ဖြစ်သည်။ ကျွန်တော် ခုန်ချပြီးသည့်နောက် ဆက်၍ တစ်ယောက်ပြီး တစ်ယောက် ခုန်ချကြရန် တန်းစီ၍ စောင့်ဆိုင်းနေကြသူများလည်း မနည်းပါ။ သို့ပါသော်လည်း ကျွန်ုပ်၏ ခန္ဓာကိုယ်သည် ချောက်ကမ်းပါးထဲသို့ တရှိန်တိုး ထိုးကျနေပြီဖြစ်၍ သူတို့ကို ဂရုမစိုက်နိုင်တော့ပါ။

ကျွန်တော် ခုလို စွန့်စားမိတာ မှားလေပြီလားဟူ၍ တွေးမိလိုက်သည်။ လက်ကို ကျစ်ကျစ်ဆုပ်၍ စိတ်ဓါတ်မကျဖို့
ကိုယ့်ကိုကိုယ် အားတင်းထားလိုက်သည်။ လေအဟုန်မှာ အရှိန်နှင့် ထိုးကျနေသော ကြောင့်လည်း ကြောက်စိတ်နှင့် စိုးထိတ်မှု့တို့ ရောယှက်ကာ တကိုယ်လုံး ကြက်သီးမွေးညုင်းများ ဖြန်းဖြန်း ထလေသလား။ ဇောချွေးစီးများလေလား မသိတော့၊ တကိုယ်လုံး ပူထူနေပြီ ဖြစ်သည်။ မျက်စိကိုလည်း တင်းတင်းမှိတ်ထားလိုက်သည်။ မဆီလေးရယ်တဲ့မဆိုင် အံကိုလည်း ကြိတ်ထား လိုက်သည်။ ဒီအချိန်မှ ဘုရားရှင်ကို တမ်းတမိသည်။ ဒုက္ခ လှလှတွေ့မှ ဘုရားရှင်ကို သတိရသည် ဆိုသော စကားမှာ အလွန် မှန်ကန်ကြောင်း ယခုမှ သိလာသည်။ အမြင့်ကို တက်ချင်ရင်၊ မြင့်မြင့်မျှော်မှန်းပြီး ဦးတည်ရမယ်။

ဘုရား တလိုက်တယ် ဆိုရင်ဘဲ နည်းပြဆရာပြောဘူးတဲ့ စကားလေး ခေါင်းထဲ ချက်ချင်း ပြေး သတိရ မိလိုက်တယ်။ တထိတ်ထိတ် ခုန်နေတဲ့ နှလုံးခုန်သံကြားက အရဲစွန့်ပြီး မျက်စိကို ဖွင့်ကြည့် လိုက်ရင်ဘဲ ကျွန်ုပ်၏ ခန္ဓာကိုယ်သည် ကျယ်ပြောလှပြီး လှိုင်းလုံးကြီးများ တဟုန်းဟုန်း ကြွထနေသည့် ပစ္စိဖိတ် သမုဒ္ဒရာ ပြင်ကြီးထဲသို့ ဦးတည် ထိုးကျလျက် ရှိနေသည်။ ရင်ခုန်သံသည် ယခင်ကထက် ပို၍မြန်လာ သည်။ အသိတရား ဝင်လာတာနဲ့ တပြိုင်ထဲ လက်တွေ့ တုန့်ပြန်မှု့တခုကို ပြုလိုက်သည်။ အားယူ၍ ဦးခေါင်းကို ကောင်းကင်ယံသို့ မော့ကာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်များကို အထက်အရပ်သို့ ဦးတည်လိုက်တယ် ဆိုရင်ဘဲ ကျွန်ုပ်၏ ခန္ဓာကိုယ်ကို ချည်ဆောင် ထားသည့် အပျော်စီးစက်မဲ့ မိုးပျံရောင်စုံ ရွက်ထည်ယာဉ်လေးသည် စွေ့ကနဲ ဦးတည်ချက်ပြောင်းကာ ကောင်းကင်ယံသို့ ကြွားဝင့်စွာ ထိုးတက် သွားလေတော့သည်။ အပျံသင်စ ငှက်ကလေးတစ်ကောင်၏ ပီတိ ခံစားချက်လေး ကျွန်ုပ် ရင်မှာ ခိုဝင်ခံစားလာမိသည်။ ခုနက ကြောက်ရွံခဲ့သောအခြေအနေ၊ ရင်ခုန်ခဲ့ခြင်းများ၊ စိုးရိမ်ပူပန်ခဲ့ခြင်းများ အားလုံး ယခုတွင် မရှိတော့ပြီမို့ ကောင်းကင်ယံထက်မှ ဘုရားရှင်ကို ကျေးဇူးတော် ချီးမွမ်းလိုက်မိပါသည်။ ဒုက္ခထဲမှ လွတ်မြောက် သည့်အတွက် ကျေှးဇူးတော် ချီးမွမ်းရသည်မှာ အလွန်မှပင် အနှစ်သာရရှိလှပါသည်။

ယခုအခါ ကျွန်ုပ်၏ မိုးပျံ ရွက်ထည်ယာဉ်သည် မိုးကောင်းကင်ယံထက် မြင့်သထက်အမြင့်သို့ ရွှေလင်းယုန်ငှက် ပျိုလေးအလား ပျံသန်း ထိုးတက်လျက်ရှိသည်။ ပထမဆုံးအကြိမ် ပျံသန်းခြင်းဖြစ်၍ အရာရာသည် ကျွန်ုပ်အတွက် စိတ်လှုပ်ရှားဖွယ်ရာ များသာ ဖြစ်သည်။ ယခုတော့ ရဲရင့်သော သတ္တိများ တစတစ ဝင်ရောက်လာပြီ ဖြစ်၍ ဝေဟင်မှာ ပျံသန်းရ ခြင်းကို ငြိမ့်ငြောင်း သာယာသော ခံစားချက်မျိုး ဖြစ်ကြောင်း လက်ခံ လာနိုင်ပြီဖြစ်သည်။ မည်သည့်အရာမဆို ကိုယ်တိုင်စွန့်စား၍ အောင်မြင်လာသောအခါ ကျွမ်းကျင်ခြင်းနှင့် အောင်မြင်မှု့သည် ဆက်၍ လိုက်လာမည်အမှန် ဖြစ်သည်။ ပြာလွင်လွင်
ဝေဟင်ထဲ ဝဲပျံတဲ့ငှက်ငယ်ရယ် ဟင်း--လေဟုန်စီး-ယီးလေးခို-အတွေးနယ်ပယ် ဝေဟင်ယံ ထက်၌ ပျံသန်းရခြင်း၏ အရသာကို ကြည်နူးလာသောအခါ ငယ်စဉ်တုံးက ရေဒီယို သီချင်းများကို နေ့စဉ် ခုံခုံ မင်မင် ဆိုလေ့ရှိသည့် ညီမငယ်၏ သီချင်းသံလေးကို ကြားယောင် မိပြန်သည်။ တိမ်တိုက်တွေကြားမှာ ယီးလေး ခိုလိုက်၊ ဝဲပျံလိုက်နှင့် ပျော်ပါးနေသော ငှက်ငယ်လေးများ၏ဘဝမျိုး ခံစားလာရသောအခါ မိုးပျံရောင်စုံ ရွက်ထည်ယာဉ် ပျံသန်းရေး ပင်မ ဥယျာဉ်အဝင်မှာ ရေးထားသည့် ငှက်ကလေးများ အဘယ်ကြောင့် တေးဆို ကြသည်ကို လာ၍ ကြည့်ကြပါဆိုသည့် စာသားလေးသည် အလွန်မှန်သော သစ္စာစကား ဖြစ်ကြောင်းကို လက်ခံ လာသည်။ ဤမျှလောက်သာယာ ငြိမ့်ညောင်းလှသော ဘဝမှာ ချီးမွမ်းသည့် သီချင်းမဆိုဘဲ အဘယ်သူနေနိုင် မည်နည်း။ ထိုကြောင့် ဆာလံဆရာ၏ ချီးမွမ်းသံလေးနှင့် ဘုရားရှင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိပါသည်။ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည် တိတ်ဆိတ်စွာ မနေ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။(ဆာလံ ၃၀း၁၂)။ ကျွန်ုပ်၏ မြင်ကွင်းအောက်တွင် တစာစာအော်မြည် သီကျူး၍ ပျံသန်းနေကြသော ဇင်ယော်ငှက်အုပ်ကြီးကို အားကျ၍ ကျေးဇူးတော် ချီးမွမ်း သီချင်းလေး သီဆိုမိပါသည်။

အမှန်စင်စစ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ရွက်ထည်ယာဉ်၏ ဘားတန်းနှစ်တန်းသည် တွဲလွဲ ခိုစီးရန်အတွက် သက်သက်မဟုတ်ဘဲ ရွက်ထည်ယာဉ်တခုလုံးကို ထိမ်းထား၍ လိုရာကို ပျံသန်းနိုင်ရန် ပဲ့ကိုင် သော အရာလည်းဖြစ်သည်။ ကျွမ်းကျင်စွာ ပဲ့ကိုင်နိုင်လာသောအခါ ရွက်ထည်ယာဉ်ကို မိုးမြင့်ပေါ်ပျံတက်လိုက်၊ ထိုးဆင်းလိုက်၊ ဘေးစောင်းပျံလိုက်၊ ဝဲပျံလိုက်နှင့် သာယာကြည်နူးမှု့ အရှိန်အဟုန်သည် ပို၍ပို၍ မြင့်မား လာရသည်။ ယခု ကျွန်ုပ် စီးနင်းပျံသန်းနေသည့် ရွက်ထည်ယာဉ်မှာ
(HangGlider)ဖြစ်၍ ရွက်ထည်ကို ပဲ့ထိမ်း ကြိုးဖြင့် စီးနင်းပျံသန်းသော (Paraglider)ဆိုတာ ရှိသလို၊ အသေးစား စက်တပ်ရွက်ထည်ယာဉ် (Aquaglider) ဆိုတာလဲ ရှိသေးသည်။ နောက်မှ ထိုယာဉ်များကိုလည်း စီးကြည့်ရအုံးမည်။

ဆန်ဖရန်စစ္စကိုသို့ လေယာဉ်ခရီးဖြင့် လာကြသော ခရီးသည်တိုင်း ရင်သပ် ရှု့မောရသော မြင်ကွင်းလေးတခု ရှိသည်။ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရန် လေဆိပ် လေယာဉ် ပြေးလမ်းသို့ ချိန်ရွယ်သောနေရာတွင် လေယာဉ်သည် လေးဆယ့်ငါးဒီဂရီခန့် တိမ်းစောင်း၍ ပျံသန်းဝင်ရောက် ရသည်။ ထိုအချိန်တွင် ပန်းချီကားချပ်လို လှပလှသည့် ကမ္ဘာကျော်မြို့တော် ဆန်ဖရန်စစ္စကိုနှင့် အတူ
BayArea တခုလုံးသည် နံရံပေါ် ချိပ်ဆွဲထားသော ဧရာမပန်းချီကားချပ်ကြီးအလား ရင်သပ်ရှု့ မောကြရသည်။ လေယာဉ် ပြူတင်းပေါက် တခုလုံး၌ ကောင်းကင်ယံကို မမြင်ရတော့ဘဲ ကမ္ဘာလောကတခုလုံးကို ဘေးတိုက်က ရှု့မြင်ရ သလိုမျိုး ဖြစ်သည်။ ခရီးသွား၍ ပြန်လာတိုင်းမှာ ဤရှု့ခင်းကို မလွတ်စတမ်း ကျွန်တော် စောင့်ကြည့်မြဲဖြစ်သည်။ မိတ်ဆွေလဲ အကယ်၍ လေယာဉ်ခရီးနှင့် ဆန်ဖရန်စစ္စကို လာခဲ့ပါလျင် ထိုရှု့ခင်းကို အမိအရ ကြည့်ရှု့ခံစားနိုင်ဖို့ ကြုံကြိုက်၍ သတင်းပါး လိုက်ရပါသည်။ ထိုစဉ်က လေယာဉ်ပြူတင်းပေါက် သေးသေးလေးမှ ထိုအလှကို ခံစား ခဲ့ရသော်လည်း ယခုမူ အမိုးအကာမဲ့ ရွက်ထည်ယာဉ်နှင့် ပျံသန်းသောအခါ အသောမသတ်နိုင်အောင် ကျယ်ပြောပြီး လှပလွန်းသည့် ရှု့ခင်းကို ရာခိုင်နှုန်းပြည့် ခံစားရတော့မည်။ ကောင်းကင်ယံမှာ ကျေးငှက်ကလေး များ ပျံသန်းရင်း သီချင်းသီဆိုကြတာ ဒါကြောင့်ကိုး ဟူ၍လည်း တိုးတိုးလေး ရေရွတ် မိပါတော့သည်။

မိုးတိမ်တိုက်တွေကြားမှာ၊ မြူနှင်းမှုန်တွေကြားမှာ ကျွန်တော်၏ ရွက်ထည်ယာဉ်ကို လိုသလို ပျံသန်းရင်း ကမ္ဘာလောကကြီးကို အပေါ်စီးက ကြည့်ရှု့ခံစား နေမိပါသည်။ အသော မသတ်နိုင်အောင် ကျယ်ပြောလှသည့် ပစ္စိဖိတ်သမုဒ္ဒရာပြင်ကြီးကို၎င်း၊ တလိမ့်လိမ့် တအိအိ လိမ့်တက်နေကြသော လှိုင်းလုံးကြီးများနှင့် ထိုရေလှိုင်းတို့ အလယ်မှာ ရေရှပ်ဘော့ပြားများ စီးနင်း၍ ကစားနေကြသူများ၊
(Sailglider)ဟုခေါ်သော ရောင်စုံရွက်ထည်တပ် ရေရှပ်ဘော့ပြားများကို လေအဟုန်သုံး၍ စီးနင်းဆော့ ကစားနေကြသူများ၊ ကမ်းခြေသဲသောင်ပြင်ပေါ်၌ အပမ်းဖြေနေကြသူများ၊ နေပူလှမ်းနေကြသူများ၊ ပြေးဆော့နေကြသော ကလေးငယ်များ၊ ဘောလုံးဆော့ကစား နေကြသူများ၊ ရေကူးနေကြသူများကို အားလုံးမြင်တွေ့ရသည်။ ကမ်းခြေတလျှောက် ဖေါက်လုပ်ထားသော အမှတ်(၁)အဝေးပြေး လမ်းမကြီးနှင့်အတူ အုပ်အုပ်ဆိုင်းဆိုင်း ထင်းရှုးတောများတို့သည်လည်း ကယ်လီဖိုး နီးယားပြည်နယ်၏ ထူးခြားသော အလှတခုပင် ဖြစ်ပါသည်။ ပင်လယ်အော်ကို ဖြတ်ဆောက်ထားသော ရှည်လျား လှသည့် တံတားကြီးများအပြင် ထင်ရှားလှသည့် နီညိုရောင် ရွှေတံခါး တံတားကြီးကိုလည်း အားပါးတရ ရှု့စား ရသည်။ ဆန်ဖရန်စစ္စကို မြန်မာနှစ်ခြင်း အသင်းတော် ဘုရားကျောင်းလေးကိုလဲ ရေးရေးလေး မြင်နေရ၍ စိတ်ကြည်နူးမိပါသည်။ ကောင်းကင်ယံမှာ ပျော်လွန်းလှ၍ မြေပြင်ကိုပင် မဆင်းချင်တော့ပါ။

တွဲလဲခိုပြီး ဒီလောက်ကြာအောင် စီးတော့မညောင်းဘူးလားဟု မေးစရာရှိပေမည်။ ကျွန်ုပ်လက်များ သည် ပဲ့ထိမ်းဘောင်တန်းများကို ကိုင်တွယ်ထားရသော်လည်း ကျွန်ုပ်၏ ခန္ဓာကိုယ်တခုလုံးသည် အထူး စီမံ ထားသော အိပ်ကြီးထဲတွင် မှောက်ရက် အနေအထားနှင့် ထည့်၍ ချိပ်ဆွဲထားသည့်အတွက် မညောင်းမညာ သည့်အပြင် နွေးထွေး၍ အဆင်ပြေလှပါသည်။ သမီးလေးထံမှ ငှါးယူခဲ့သော စီဒီခွေလေးကို ဖွင့်နားထောင် လိုက်ပြန်တော့ လှပသော ရှု့ခင်းများကို နောက်ခံသီချင်းလေးနှင့် ရှု့စားတော့ ပို၍ အနှစ်သာရ ရှိလာသည်။

ဘေးမှာ ပျံသန်းနေသူ တဦးသည် မှန်ပြောင်းနှင့် မြေပြင်ကို ကြည့်နေတာ မြင်၍ ကျွန်တော်လည်းပါလာသော အဝေးကြည့် မှန်ဘီလူးကို ထုတ်လျက် မြေပြင်သို့ အနှံ့ လျှောက်ကြည့်မိသည်။ မှန်ဘီလူးနှင့်ကြည့်မိမှ မှန်ဘီလူး ယူခဲ့မိခြင်းကို နောင်တရမိတော့သည်။ အလှအပများကြား၌ အကျည်းတန်မှု့တွေကို မြင်တွေ့လိုက်ရသော ကြောင့် ဖြစ်သည်။ ပိုင်ဆိုင်မှု့ ရှိသမျှကို ဈေးတွန်းလှည်းလေးထဲ ထည့်၍ ကျင်လည်နေကြရသော ခြေသလုံး အိမ်တိုင် အိုးအိမ်မဲ့ ဆင်းရဲသားများစွာ တွေ့မြင်ရသည်။ မီးရောင် တဖြပ်ဖြပ်၊ ဥဩသံ တစီစီနှင့် ဥပဒေ ချိုးဖောက်သူများကို လိုက်လံ ဖမ်းဆီးနေသော ရဲနှင့်ပုလိပ်ကားများ၊ အရေးပေါ် လူနာတင်ယာဉ်များ၊ အုပ်စုဖွဲ့ ရန်ဖြစ်ကြ၍ ဝရုန်းသုန်းကား ဖြစ်နေကြသော လူငယ်များ၊ အဝေးပြေး လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှု့ ဖြစ်ပွား၍ ပြဿနာ ဖြစ်နေကြသူများ၊ တွေ့ရသည်မှာ စိတ်မချမ်းမြေ့စရာများ ဖြစ်သည်။ သူ့ဇနီးမဟုတ်ဘဲ တခြား အမျိုးသမီးတဦးနှင့် လက်ချင်းချိပ်ကာ သမီးရည်းစားလေးပမာ စုံတွဲခုတ်နေသော ကျွန်ုပ်၏ မိတ်ဆွေဟောင်း တဦးကို ရုတ်တရက် မြင်လိုက်သည့်အတွက် မှန်ဘီလူးကို မကြည့်တော့ဘဲ အိပ်ထဲ ထိုးထည့် လိုက်ပါသည်။ ဪ လောကကြီးဟာ ဘယ်လိုများ ဖြစ်ပျက်နေပါလိမ့်-- ဆက်၍သာ ကြည့်နေလျှင် စိတ်မချမ်းသာစရာတွေ ဆက်တိုက်တွေ့နေရပြီး ခုနက သာယာကြည်နူးစရာလေးတွေ ပျက်သုန်းကုန်လိမ့်မည်။ ပျော်စရာမှာ ရင်နာစရာတွေ ဝင်လာရင် ဝေဒနာသာ အဖြေကျန်လေမည် မဟုတ်ပါလား။


God is watching us---from a distance
သမီးလေး၏ စီဒီခွေထဲက သီချင်းစာသားလေးကြောင့် ကျွန်ုပ်အတွေးထဲ အလင်းတန်းလေးတခု ပြေးဝင်လာသည်။ ဝေးရပ်ဆီမှ ဘုရားရှင် ကျွန်ုပ်တို့အား စောင့်ကြည့် နေသည်တဲ့။ အဓိပ္ပါယ်ရှိလိုက်လေခြင်း။ အမြင့်ပေ-၃၀၀၀၊လောက်က ကျွန်တော် မြင်တွေ့ခဲ့ရသော အရာများ သည် အတိုင်းအတာ တခုလောက်သာ ဖြစ်သည်။ စကြာဝဠာတခုလုံးကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည် ကောင်းကင်ဘုံမှာ စံပယ်တော်မူ၍ လောက၌ ရှိရှိသမျှ ပြုပြုသမျှ၊ ဖြစ်ဖြစ်သမျှ အရာအားလုံး စောင့်ကြည့်လျက် ရှိပါသည်။ အားလုံးကို ဘုရားရှင် မြင်တွေ့နေသည်။ ပြောသမျှ သူကြားနေပါသည်။ စိတ်ကူးနှင့် ကြံစည်သမျှပင်လျင် သူ သိနေပါသည်။ သုတ္တံကျမ်းမှာ အတိအလင်းပင် ဖော်ပြထားပါသည်။ ထာဝရဘုရား၏ မျက်စိတော်သည် ခပ်သိမ်းသော အရပ်၌ ရှိ၍ ကောင်းမကောင်းကို ကြည့်ရှု့ တော်မူ၏ (၁၅း၃)။ လူ သွားလာသမျှသော လမ်းတို့သည် ထာဝရဘုရား မျက်မှောက်တော်၌ ရှိကြ၍ သွားလာသမျှသော အချင်းအရာတို့၌ စူးစမ်းတော်မူ၏။(၅း၂၁)။ ကျွန်တော် သဘောကျ၍ ခွန်အားရသည့် အချက်မှာ က္ကုဿရေလ အမျိုးကို စောင့်သောသူသည် ငိုက်မြည်း အိပ်ပျော်ခြင်း ရှိတော် မမူ။ (ဆာလံ၊၁၂၁း၎)ဟူသော ကျမ်းချက် ဖြစ်သည်။ ကျွန်ုပ်တို့၏ အကောင်း အဆိုး အားလုံးကို အထက်အရပ်မှ ကြည့်ရှု့နေသော ဘုရားရှင် ရှိတော်မူ ခြင်းကို သိရှိခံစားရသော သင်ခန်းစာကို ရလိုက်သည် ဖြစ်၍ အရာရာ၌ အစဉ်အမြဲ အကောင်းဆုံး အသက် ရှင်ရန် ဆုံးဖြတ်လျက် ဝေဟင်ထက်မှာ ပျံသန်းရင်း ဆက်ကပ် ဆုတောင်း လိုက်ပါသည်။ မြေပြင်သို့ မဆင်းသက်ချင်သေးသော်လည်း ဇနီးနှင့်သားသမီးများ ပင်လယ်ကမ်းစပ်မှာ မျှော်ကြည့်ရင်း လက်များ ဝှေ့ရမ်းပြနေကြသည်ကို မြင်လိုက်ရ၍ ရွက်ထည်ယာဉ်ကို ဖြည်းညှင်းစွာ ထိုးဆင်းလျက် မြေပြင်ထက် သို့ ဆင်းသက် လာခဲ့ပါတော့သည်။

ဆရာ-ဆရာ-ဆရာက ငေးနေလိုက်တာ ကျွန်တော်
Hang Glider စီးတဲ့အကြောင်း ပြောပြတာ တောင် စိတ်မဝင်စားတော့ဘူး။ ကိုရစ်ချတ်က မိုးပျံရွက်ထည်ယာဉ်ကို စွန့်စွန့်စားစား စီးနင်းရင်း ရှားပါး ဓါတ်ပုံများ ရိုက်ကူး စုဆောင်းခဲ့ခြင်းကို စီကာပတ်ကုံး ပြောပြနေခြင်း ဖြစ်ပါသည်။ ဪ - ကျွန်တော် စိတ်ဝင်စားပါတယ်။ ကိုရစ်ချတ် စိတ်ဝင်စားလွန်းလို့ ကျွန်တော် ကိုယ်တိုင် မိုးပျံ ရွက်ထည်ယာဉ် စီးပြီး၊ စိတ်ကူးလေးနဲ့ မိုးကောင်းကင်ထက်မှာ ပျံသန်းနေသလိုဘဲ ခံစားမိပါတယ်။ ကျွန်တော့် အတွက်တော့ HangGlider စီးတဲ့အကြောင်းအပြင် တန်ဖိုး မဖြတ်နိုင်တဲ့ ဝိညာဉ်ရေးရာ သင်ခန်းစာလဲ ရလိုက်ပါတယ်။

ဘယ်လို ဝိညာဉ်ရေးရာ သင်ခန်းစာလဲ ဆရာလတ်၊ ကျွန်တော့်ကိုလဲ ဝေမျှပါအုံး။

ဩော် - ဒီလိုပါ ကိုရစ်ချတ်၊ စိတ်ကူးလေးနဲ့ မိုးပျံရွက်ထည်ယာဉ်ကို စီးရင်း အထက်အရပ်က မြင်ရတဲ့ မြင်ကွင်းကို အခြေခံပြီး စကြာဝဠာတခုလုံးကို ကောင်းကင်ဘုံက သတိနဲ့ ကြည့်ရှု့နေတဲ့ ဘုရားရှင်တော်မြတ် ကြောင့် နွေးထွေးတဲ့ လုံခြုံ စိတ်ချမှု့ရယ်၊ အမြဲတမ်းဘဲ အကောင်းဆုံး အသက်ရှင် ရမယ်ဆိုတဲ့ ဝိညာဉ်ရေးရာ သင်ခန်းစာကို ပြောတာပါ။

ထာဝရဘုရားသည် အထက်အရပ်မှ ကျွန်ုပ်တို့ကို ကြည့်ရှု့နေသည်ဖြစ်၍ အလိုတော်နှင့်မညီသော ပြောဆို၊ ကြံစည်၊ ပြုမူခြင်းများကို ရှောင်ရှားကြရန်၊ အလိုတော်နှင့်အညီ အကောင်းဆုံး အသက်ရှင် လုပ်ဆောင် နေခြင်း၌ ချီးမွမ်း မခံရခြင်း၊ အသိအမှတ်ပြု မခံရခြင်းများအတွက် စိတ်ဓါတ် မကျဘဲ ဘုရားသခင်က အသိ အမှတ်ပြုလျက်၊ မှတ်သားလျက်၊ ကောင်းကြီးပေးလျက် ရှိနေကြောင်းကို နှလုံးသားမှာ ခံယူလျက် အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် အကောင်းဆုံး အသက်ရှင်ကြဖို့ မေတ္တာနှင့် တိုက်တွန်း ဝေငှလိုက်ပါသည်။

မေတ္တာများစွာဖြင့်

ဆရာတော်ဦးလတ်ယေရှဲ (ဆန်ဖရန်စစ္စကိုမြန်မာနှစ်ခြင်းအသင်းတော်)