
“ဟော ဆရာလာပြီ၊ ဆ

ကလေးသူငယ်တချို့လဲ ပျော်ရွှင်စွာ ပြေးလွှားဆော့ကစား နေကြသည်။ “ဆရာ ကျွန်မတို့က ဟိုအဖွဲ့ကို ကျွန်မတို့အသင်းတော်က ထင်လို့ သွားရောပြီး သီချင်း လိုက်ဆိုနေတာ ဆိုရင်းနဲ့ ကိုယ့်အဖွဲ့ မဟုတ်မှန်းသိလို့ အသာလေး ပြန်လှဲ့လာခဲ့တာ။” ဝေလီဝေလင်းအချိန်မို့ တချို့တွေ စောစောရောက်၍ အဖွဲ့မှားကြောင်းပြောပြီး ပွဲကျနေ ကြသည်။ဆန်ဖရန်စစ္စကို မြန်မာနှစ်ခြင်း အသင်းတော်၏ နှစ်စဉ် ကျင်းပ လျက်ရှိသော “အီစတာ အာရုဏ်ဦး ဝတ်ပြုခြင်း အစီအစဉ်”သည် အလွန်ပင် နှစ်ခြိုက်ဘွယ်ရာ အစဉ်အလာလေးတခု ဖြစ်လာခဲ့သည်။ လွန်ခဲ့တဲ့အချိန်က လူဆယ်ယောက်ခန့်နဲ့ အစပြုခဲ့သော်လည်း ယခု အခါ နှစ်စဉ်လူတရာကျော် ပါဝင်လာ ကြပြီဖြစ်သည်။ အာရုဏ်ဦး၏ အရသာ၊ ရှင်ပြန် ထမြောက်ခြင်း၏ အနှစ်သာရကို စစ်မှန်စွာ ခံစားလာကြသော အခါ၊ မည်မျှပင် အေးချမ်း လင့်ကစား၊ အရောက် ကြိုးစား၍ လာကြသည်။ မည်မျှပင် ဝေးလင့်ကစား အချိန်မှီ စုရုံး လာကြသည်။

“ဟေး ပန်းဥယျာဉ်မှာ ပန်းမခူးရလို့ ဆိုင်းဘုတ်ရေးထားတယ်နော် သတိထားကြ”အာရုဏ်ဦးနှင့်အပြိုင် အီစတာ အမှီ ဖူးပွင့်ဝေဆာနေကြသော ချယ်ရီပင်အောက်မှာ အသင်း တော်၏ လှပျိုလေးများ ဓါတ်ပုံရိုက်ကြ၊ ဗွီဒီယိုရိုက် ကြနှင့် မမောနိုင်မပန်းနိုင် မြူးကြွ နေကြသည်။ ဓါတ်ပုံဆရာနှင့်၊ ဗွီဒီယိုဆရာခမျာ ခြေခလုပ်တိုက်လောက်အောင် အလုပ်များ နေရသည်။ အသက်တာ၏ အာရုဏ်ဦးနှင့် တူသည့် ပျိုရွယ်သူ၊ လူငယ် မောင်မယ်များ အတွက်လည်း အထူးပင် အဓိပ္ပါယ်ရှိလှသော အာရုဏ်ဦးပင် ဖြစ်ပါသည်။
အာရုဏ်ဦး ဝတ်ပြု ကိုးကွယ်ခြင်းသည် အလွန်တရာမှ အေးချမ်း ကြည်နူးဘွယ် ကောင်းလှပါသည်။ ဘုရားရှင် ဖန်ဆင်းတော်မူသောသဘာဝ လောက၏အလယ်မှာ၊ရှင်ပြန်ထမြောက်တော်မူသောဘုရားရှင်၏သားတော် ယေရှု့ကို ဗဟိုပြုပြီး၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ သမ္မာကျမ်းစာ ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ သက်သေခံ ဝေမျှခြင်းများ တို့သည် တမူထူး၍ ခွန်အား ယူဘွယ်ရာ ဖြစ်ရပါသည်။ ဝမ်းမြောက်၍ ပြုံးရွှင်သော အပြုံးများတို့သည် မေ့ပျောက် ၍ မရနိုင်အောင် စွဲထင် ကျန်ခဲ့ကြပြီ ဖြစ်သည်။“ကဲကဲ-ဘုရားရှိခိုးပြီးပြီ-ဗိုက်ဖြည့်ရအောင် ဒီဘက်ကို လာကြ- လာကြ” စားသောက်ရေး တာဝန်ခံမှ ဆော်ဩလိုက်သော အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ အငွေ့ တထောင်းထောင်းနှင့် ကြိုဆိုနေသော အစားအသောက်များ အိုးကြီး အိုးငယ် အသွယ်သွယ် တန်းစီနေသည်ကို စားချင်စဖွယ် တွေ့ရသည်။ မြန်မာပြည်ကို သတိရစေသည့် ကောက်ညှင်းပေါင်း၊ ငချိပ်ပေါင်း၊ ပဲပြုတ်ပူပူလေး၊ ငါးခြောက်ကြော်၊ ဗလခြောင်ကြော်၊ ဆီထမင်း၊ အသားကြော်၊ လဘက်ရည်၊ ကော်ဖီများအပြင် အမေရိကန် နံနက်စာ မုန့်မျိုးစုံ၊ စုံလွန်း လှပါသည်။ မိသားစုများမှ စေတနာအပြည့်နှင့် ပြင်ဆင်ချက်ပြုတ် ယူဆောင်လာ ကြသော အစဉ်အလာလေးသည်လည်း နှစ်စဉ် အာရုဏ်ဦးဝတ်ပြုခြင်း အစီအစဉ်အတွက် အားကောင်းသော ဆွဲဆောင်မှု့တခုပင် ဖြစ်ပါသည်။
“ဆရာ - ဆရာ ခုနက ပြောတဲ့၊ “လူ့ဘဝရဲ့အာရုဏ်ဦး” ဆိုတာကို သဘော ကျမိတယ်၊ နဲနဲလောက် ပိုရှင်းပြပါ လား ဆရာ”
“ဩ-အေးအေး-ရပါတယ်၊ စားရင်းသောက်ရင်း ပြောပြတာပေါ့”
အာရုဏ်ဦး၏ အနှစ်သာရကို ပိုမိုသိလို၍ မေးလာသောလူငယ်များအား၊ အသက်ရှင်တော် မူသော သခင်ယေရှု့ ကို နှလုံးသားမှာ ယုံကြည်လက်ခံလျှင်၊
*အမှောင်ကမ္ဘာထဲမှ လွတ်မြောက်၍ အလင်းတရားတည်းဟူသော အာရုဏ်ဦးသို့ ရောက်ခြင်း၊
*အပြစ်၏ ချည်နှောင်ခြင်းမှ လွတ်မြောက်၍ ကယ်တင်ခြင်း ဆုကျေးဇူးတည်းဟူသော အာရုဏ်ဦး ရရှိခြင်း၊
*မျှော်လင့်ခြင်း ကုန်ဆုံးသော ဘဝမှ ခွန်အားသစ် ပြည့်ဝသော အနာဂါတ်တည်းဟူသော အာရုဏ်ဦး ရရှိခြင်း၊
*ဆုံးရှုံးခြင်းတည်းဟူသော ညဥ့်နက်ထဲမှ အောင်မြင်ခြင်းတည်းဟူသော အာရုဏ်ဦး ရရှိခြင်း၊
*ငရဲ၌ ထာဝရ လောင်ကျွမ်းခံရမည့် အခြေအနေမှ ကောင်းကင်ချမ်းသာ တည်းဟူသော အာရုဏ်ဦး ရရှိခြင်း၊
စသည်တို့ကို ပြောပြလိုက်ရာ လူငယ်များက၊
“ကျေးဇူးတင်ပါတယ်ဆရာ ကျွန်တော်တို့အတွက် ဒီအာရုဏ်ဦး ဝတ်ပြုခြင်းမှာ ပါဝင်ရလို့ အများကြီးဘဲ ခွန်အားရပါတယ်၊ ခွန်အားသစ်နဲ့ဘဝကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေလဲ အလိုလို ရှိလာပါတယ်။”
“အဲဒါ ဘာကြောင့်လဲ သိသလား”
“ဆရာ ပြောပြတဲ့-ခရစ်တော်ရှင် ပြန်ထမြောက်ခြင်းရဲ့ တန်ခိုးကြောင့် ဟုတ်တယ် မဟုတ်လား ဆရာ”
“အဲတာ သိပ်မှန်တာပေါ့- ခရစ်တော် ကိုယ်တိုင် ပြောခဲ့တယ်လေ၊ နားထောင်- ဆရာ ဖတ်ပြမယ်၊” (ယောဟန်၁၄း၁၉) “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင် ကြလိမ့်မည်။”

လောက အာရုဏ်ဦးအလှကို နေ့စဉ် ခံစားရင်း ဘဝရဲ့ အာရုဏ်ဦးကို ရှင်ပြန် ထမြောက် တော်မူသော သခင် ယေရှုဘုရား ထံတော်မှ ခံစားရကြပါစေသော်။
မေတ္တာများစွာဖြင့်
ဆရာတော် ဦးလတ်ယေရှဲ (ဆန်ဖရန်စစ္စကို မြန်မာ နှစ်ခြင်းအသင်းတော်)